Archive for the ‘Flight Safety အကြောင်း ထွေရာလေးပါး’ Category

ံၤံHF

Human factors အားလေ့လာရာတွင် လူသားရဲ့အပြုအမူ အကျင့်စရိုက်တွေကို စနစ်တကျ၊ သိပ္ပ္ပံနည်းကျ ပေါင်းရုံးပြီး လုပ်ငန်းသဘာဝအပေါ် အကျိုးသက်ရောက်မှုကို လေ့လာရမှာဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်၊ လူမှုပတ်ဝန်းကျင် ပေါင်းသင်းဆက်ဆံရေးဆိုင်ရာများကိုပါ ထည့်သွင်းစဉ်းစား ရန်လိုအပ်ပါသည်။ တစ်နည်းဆိုရရင် လူ့ဦးနှောက်၊ ခန္ဓာကိုယ် အပါအ၀င် လူသားမှ ဆက်စပ်ပတ်သက်ပြီး အသုံးပြုသော အရာဝတ္ထု၊ အဖြစ်အပျက် အကြောင်းအရာများကိုပါ ထည့်သွင်းလေ့လာရမှာ ဖြစ်ပါတယ်။ Human factors နှင့်ပတ်သက်ရင် ကျွန်တော်တို့ဟာ တစ်ဦးချင်းစီရဲ့ ချို့ယွင်းမှုကိုသာ လေ့လာရမှာမဟုတ်ပါဘူး။ လူသားတွေပြုလုပ် ပါဝင်ပတ်သက်နေတဲ့ အစီအမံ၊ အဆောက်အအုံ၊ ပစ္စည်းကိရိယာ၊ အသုံးပြုပုံ အသုံးပြုနည်း၊ ပြင်ဆင်ထိမ်းသိမ်းမှုများကိုပါ လေ့လာဖို့လိုအပ် ပါတယ်။ ကျွန်တော်တို့ဟာ လူကြောင့်ဖြစ်တဲ့ မတော်တဆထိခိုက်မှု တစ်ခုခုကို တွေ့မြင် ကြားသိရတာနဲ့ ” ဒီကောင် တော်တော် မိုက်တာပဲကွာ၊ ဒါလောက်လေးတောင် မစဉ်းစားမိဘူးလား” ဆိုပြီး ပြောဖြစ်တတ်ကြပါတယ်။ ဘယ်လိုပဲဖြစ်ပါစေ ကျွန်တော်တို့ အားလုံးဟာ လူသားတွေဖြစ်တာကြောင့် မှားတတ်စမြဲပါပဲ။ တရားသဘောအရပဲ ကြည့်ကြည့်၊ သိပ္ပံနည်းကျပဲ ကြည့်ကြည့် တစ်ချိန်မှာ အာရုံတစ်ခုသာလျှင် စိုက်နိုင်ပါတယ်။ ပျံသန်းရေး ပြုလုပ်နေစဉ်မှာ အလုပ်တွေဟာ တစ်ခုပြီးတစ်ခု ဇယ်စက်သလို လုပ်နေရတယ်ဆိုတာ ပြောပြစရာ မလိုပါဘူး၊ အစီအစဉ်အတိုင်း ကြိုတင်မျှော်မှန်းထားတဲ့အတိုင်း လုပ်နေရတာတွေရှိသလို ရုတ်တရက်ပေါ် လာတဲ့ သီးခြားလုပ်စရာတွေလဲ မြောက်များစွာ ရှိပါတယ်။ အဲဒီလို ရှုပ်ထွေးတဲ့အခြေအနေမျိုးမှာ အမှားဆိုတာ ရှိလာတတ်စမြဲပါပဲ။ ပျံသန်းရေးလုပ်ငန်းခွင်မှာ တာဝန်ထမ်းဆောင်နေသူအားလုံးဟာ ရှုပ်ထွေးတဲ့ စနစ်တွေ (complex system)နဲ့ များမြောင်လှတဲ့ အလုပ်တွေကို လုပ်ကိုင်ဆောင်ရွက်နေရပါတယ်။ Humans make errors – လူဆိုတာ မှားတတ်တဲ့ သတ္တ၀ါပါ။ စိတ်အာရုံ ပျံလွင့်တတ်ပါတယ်၊ သတိမေ့လျော့တတ်ပါတယ်၊ ပင်ပန်းနွမ်းနယ်တတ်ပါတယ်၊ တွေဝေမှားယွင်း တတ်ပါတယ်၊ စိတ်ဓာတ်အခြေအနေ အပြောင်းအလဲ အတက်အကျ ရှိတတ်ပါတယ်။ ဒါတွေကို ကျွန်တော်တို့ ပြုပြင်ပြောင်းလဲလို့ မရစကောင်းပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ နေစဉ် လုပ်ကိုင်နေရတဲ့ အလုပ်ပတ်ဝန်းကျင် အခြေအနေကိုတော့ အတိုင်းအတာတစ်ခုနဲ့ ပြုပြင်ပြောင်းလဲယူလို့တော့ ရပါတယ်။ ရှုပ်ထွေးခက်ခဲတဲ့ လုပ်ငန်း စနစ်တွေ၊ အခြေအနေတွေမှာ မတော်တဆထိခိုက်မှု ဘယ်လိုဖြစ်ပွားတတ်လဲ၊ ဘာကြောင့် ဖြစ်ပွားတတ်သလဲ ဆိုတာတွေကို နားလည် သဘောပေါက်မယ်ဆိုရင် နောင်ပြုလုပ်မဲ့ လုပ်ငန်းအစီ အမံမှာ အဆိုပါ အခြေအနေကို ပြုပြင်ပေးလိုက်နိုင်ရင် အလားတူ ဖြစ်စဉ်မျိုးမှ ကောင်းစွာ ရှောင်ရှားနိုင်ပါလိမ့်မယ်။

မတော်တဆထိခိုက်မှု ဖြစ်စဉ်တွေကို ပြန်လေ့လာရင် တစ်စုံတစ်ခုသော အမှားတစ်ခုတည်းကြောင့် ထိခိုက်မှုဖြစ်ပွားရတယ်ဆိုတာ အင်မတန် ရှားပါးပါတယ်။ အလုပ်တစ်ခုကို တစ်ယောက်တည်း ပြုလုပ်ရတဲ့ ဖြစ်စဉ်မျိုးမှာပင် တွေ့ရခဲပါတယ်။ ကျွန်တော်တို့ မျက်စေ့နဲ့ ချက်ချင်းမမြင်သာတဲ့ ငုတ်လျှိုးအသွင်နဲ့တည်ရှိနေတဲ့ အားနည်းချက်တွေဟာ နဂိုမူလက ချမှတ်ထားတဲ့အစီအမံ၊ ဖွဲ့စည်းတည်ဆောက်ပုံ၊ ပါဝင်လုပ်ကိုင်နေသော အဖွဲ့အစည်း၊ အသုံးချပုံ အသုံးချနည်းနှင့် လေ့ကျင့်ပေးမှုအပိုင်းတွေမှာ ဆက်လက်ကြီးထွားမလာသေးတဲ့၊ မသိသာသော အမှားတွေ အားနည်းချက်တွေဟာ ကာလရှည်ကြာစွာ တည်ရှိနေတတ်ကျပါတယ်။ ဥပမာ- အထက်အဖွဲ့အစည်းမှ ထပ်မံထုတ်ပြန်လိုက်သော၊ အသစ်ထုတ်ပြန်ထားသော အမိန့်နှင့်ညွှန်ကြားချက် ပြင်ဆင်ချက်(သို့) အသစ်ကို အောက်ခြေအဆင့်ထိ ဆက်လက်ရှင်းလင်းဖို့ရန် ပျက်ကွက်နေခြင်း။ အဆိုပါဖြစ်စဉ်တွင် ညွှန်ကြားချက်နှင့် ပတ်သက်ဆက်နွယ်မှုရှိသော မတော်တဆထိခိုက်မှု ဖြစ်ပွားလာခဲ့လျှင် ဖြစ်ပွားစေသူ တစ်ဦးတည်းတွင်သာ တာဝန်ရှိသည်ဆိုလျှင် မှားယွင်းသွားပေလိမ့်မည်။

တစ်ကမ္ဘာလုံးရှိ ပျံသန်းရေးအဖွဲ့အစည်းများမှာ ယနေ့တိုင် ရာနှုန်းပြည့် မတော်တဆထိခိုက်မှု မကင်းစင်သေးပါ။ ဒီအကြောင်းနဲ့ ပတ်သက်လို့ လေကြောင်းသမိုင်းရဲ့ ဘိုးအေကြီးတစ်ယောက်ဖြစ်တဲ့ Wilbur Wright က ပျံသန်းရေးမှာ ရာနှုန်းပြည့် မတော်တဆထိခိုက်မှု ကင်းဝေးခြင်ရင်တော့ ခြံစည်းရိုးမှာထိုင်ပြီး ငှက်တွေပျံနေတာကိုပဲ ထိုင်ကြည့်နေပါလို့ ပြောခဲ့တဲ့ဆိုရိုးစကားဟာလဲ ယနေ့တိုင်မှန်နေဆဲဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိကျင့်သုံးနေသော လုပ်ထုံးလုပ်နည်းများ၊ ထုတ်ပြန်ထားသော စာအုပ်စာတမ်းများ၊ လေ့ကျင့်မှုဆိုင်ရာ ပြဿနာများ၊ စာအုပ်စာတမ်းများသည် ပြီးပြည့်စုံအောင် မကောင်းမွန်သေးသည့်အတွက် အစဉ်အမြဲ အချိန်၊ ငွေ၊ လူအင်အားများစွာ စိုက်ထုတ်ပြီး ပြုပြင်ပြောင်းလဲမှုများ ဆက်လက်ပြုလုပ်လျက်ရှိကြောင်း တွေ့နေရပါတယ်။ အထက်မှာတင်ပြခဲ့သလို လူသားရဲ့ ဆင့်ကဲအမှားဖြစ်စဉ်တွေ လျော့ချနိုင်ဖို့ လေ့ကျင့်မှုတွေ၊ လုပ်ထုံးလုပ်နည်း ပြင်ဆင်မှုတွေ အင်တိုက်အားတိုက် လုပ်ဆောင်နေကျသော်လည်း အဆိုပါအစီအမံများကို ပြုပြင်နေသူများ ကိုယ်တိုင် လူသားများဖြစ်နေသည့်အတွက် အားနည်းချက်၊ ချို့ ယွင်းချက်များ ထည့်သွင်းပါဝင်တတ်စမြဲဖြစ်ပါတယ်။

ဒါဆို ကျွန်တော်တို့ ဘာဆက်လုပ်သင့်ပါသလဲ? ရှုပ်ထွေးတဲ့ စည်းစနစ်တွေထဲမှာပါဝင်တဲ့၊ ဖြစ်ပွားလေ့ရှိတဲ့ အမှားတွေဟာလဲ လျှပ်စီးလက်သလို ချက်ချင်းတွေ့မြင်ရတတ်တာမျိုးလည်း မဟုတ်ပါဘူး။ တစ်ဖြည်းဖြည်းခြင်း ကြီးထားလာစေပြီး ပြဿနာဖြစ်စေတတ်တာမျိုးပါ။ ဒါကြောင့် ချမှတ်ထုတ်ပြန်ထားတဲ့၊ လက်ရှိအသုံးပြုနေတဲ့ လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများ၊ လေ့ကျင့်ဆောင်ရွက်မှု အခြေအနေများ အပေါ်ကို ရှုမြင်သုံးသပ် တဲ့အခါမျိုးမှာ လက်တွေ့ လုပ်ကိုင်ဆောင်ရွက်နေသော အဖွဲ့အစည်းအတွင်း ငုတ်လျှိုးနေနိုင်မယ့် အားနည်းချက်များ၊ တွေ့ကြုံနေရသော လက်ရှိအခြေအနေနှင့် မကိုက်ညီသော အားနည်းချက်မျိုးကို ရှာဖွေပြုပြင်နိုင်ရမှာဖြစ်ပါတယ်။ ပြင်ဆင်မှုများပြုလုပ်ပြီးပါကလဲ အကျိုးဆက်ကိုစောင့်ကြည့်လေ့လာနေရမှာဖြစ်ပါတယ်။

မတော်တဆထိခိုက်မှုနှင့် တွေ့ကြုံလာတိုင်း လူသားသာလျှင် နောက်ဆုံးကွင်းဆက်အနေနှင့် တည်ရှိနေ တတ်ပါတယ်။ ငုတ်လျှိုးနေတဲ့ ချို့ ယွင်းမှု၊ မှားယွင်းမှုများကို မတောတဆထိခိုက်မှု ဖြစ်ပွားအောင် သိသာထင် ရှားတဲ့ အမှားတစ်ခုကို လူသားက နောက်ဆုံးအနေနဲ့ ပြုမှုလိုက်ခြင်းဖြင့် အဆုံးသတ်တတ်ပါတယ်။ အဆိုပါ သိသာထင်ရှားတဲ့ အမှားအယွင်းဆိုတာ မတောတဆထိခိုက်မှု ဖြစ်ပွားစေနိုင်တဲ့ တားမြစ်ထားသော အပြုအမူ တစ်ခုကို ပြုလုပ်မိခြင်း (သို့) ပြုလုပ်ရန်ပြဌာန်းထားချက်ကို ပြုလုပ်ရန်ပျက်ကွက်ခြင်းကို ဆိုလိုတာဖြစ်ပါတယ်။ တစ်ကယ်တော့ အဲဒီအပြုအမူတစ်ခုဟာ လုပ်ထုံးလုပ်နည်း၊ နည်းဥပဒေသများ၊ ညွှန်ကြားချက်များ၊ သတ်မှတ် ပြဌာန်းထားသောစာစောင်များ၊ လေ့ကျင့်သင်ကြားမှုများနဲ့ တစ်နည်းမဟုတ် တစ်နည်း ဆက်စပ်ပတ်သက်နေပြီး မတော်တဆထိခိုက်မှု ဖြစ်ပွားစေရန် ကြိုတင်ဖန်တီးပေးထားတဲ့ အခြေအနေတစ်ခုအနေနဲ့ တည်ရှိနေတတ်ပါတယ်။ အဲဒီကြိုတင်ဖြစ်ပေါ်နေတဲ့ အခြေအနေဟာ ပတ်သက်လုပ်ကိုင်နေတဲ့ လူသားများ၊ အဆိုပါပတ်သက်သူများ မည်သို့လုပ်ကိုင်သည်၊ မည်သို့သောရည်ရွယ်ချက်ဖြင့် လုပ်ကိုင်တတ်ကြသည် စသည့်အချက်များနဲ့လဲ ဆက်စပ် နေပါသေးတယ်။ ကျွန်တော်တို့ဟာ လူသားများဖြစ်တဲ့အတွက် ပင်ပန်းနွမ်းနယ်မှု ဖြစ်တတ်ပါတယ်၊ အစာစား သောက်ဖို့လိုအပ်ပါတယ်၊ ပေါင်းသင်းဆက်ဆံပြောဆိုဖို့ လိုအပ်ပါတယ်၊ သင်ကြားပေးနေဖို့ လိုအပ်ပါတယ်၊ ဖြစ်ပေါ်နေတဲ့ ပတ်ဝန်းကျင်အခြေအနေ တစ်ခုပေါ်မှုတည်ပြီး စိတ်ခံစားမှုအရ တုန့်ပြန်တတ်ပါတယ်၊ အာရုံစူးစိုက်စွာ စိတ်ပါဝင်စားစွာ လုပ်ဆောင်နိုင်ဖို့ ကန့်သတ်ချက်တွေရှိပါတယ်၊ စီမံခန့်ခွဲလုပ်ကိုင်မှုပိုင်းမှာ အခက်အခဲ ကန့်သတ်ချက်တွေ ရှိပါတယ်။

 

ဆက်ပါဦးမည်

Advertisements

လေကြောင်းသမိုင်းရဲ့အစကို ပြန်ကြည်မယ်ဆိုရင် ၁၉၀၃ခုနှစ်မှာ စက်ဘီးဆိုင်လေးတစ်ဆိုင်က ညီအစ်ကိုနှစ်ယောက်ဖြစ်တဲ့ Wright ညီနောင်ကနေ စတင်ပေါ်ပေါက်လာတဲ့ လေယာဉ်တွေရဲ့ စွမ်းအားဟာ ဒီနေ့ခေတ် ၂၁ရာစုမှာဆိုရင် အံ့မခန်းတိုးတက်လာခဲ့ပါတယ်။ လေယာဉ်ရဟတ်ယာဉ်များရဲ့ စွမ်းဆောင်နိုင်တဲ့ အရည်အသွေး၊ လုံခြုံစိတ်ချရမှု စတဲ့အချက်တွေ ဘယ်လောက် ကောင်းမွန်နေပါစေ မတော်တဆထိခိုက်မှုတွေဟာ ဆက်လက်ဖြစ်ပွားနေပါတယ်။

၁၉၀၃

အခုတင်ပြထားတဲ့ လူသားနဲ့ ဆက်စပ်ပတ်သက်နေတဲ့ မတော်တဆထိခိုက်မှု ဥပမာတွေလိုပါပဲ- ဒီပစ္စည်းကိရိယာတွေက ဘယ်လိုလုပ်ပြီး လေယာဉ်ရဲ့ airintake ထဲကိုဝင်သွားရတာလဲ? ဒီလေယာဉ် ဘီးက ဘာကြောင့် လေမရှိတော့ပဲ ပြားနေရတာလဲ? ဘယ်လိုဖြစ်ပြီး မင်း undershoot ဖြစ်သွားရတာလဲ? USAF က Air Force Safety Center ရဲ့ လေ့လာသုံးသပ်ချက်တွေအရ နှစ်စဉ် ဖြစ်ပွားခဲ့ရတဲ့ မတော်တဆ ထိခိုက်မှုများမှာ လူကြောင့်၊ လူနှင့်ပတ်သက်ဆက်နွယ်နေသော အကြောင်းအရာ တွေကြောင့် ဖြစ်ပွားရတာဟာ ၆၀ မှ ၈၀ ရာနှုန်းလောက် ရှိကြောင်း တွေ့ရပါတယ်။ ဒါဆိုရင် What are human factors? လူသားနဲ့ ပတ်သက်ဆက်နွယ်ပြီး မတော်တဆထိခိုက်မှု ဖြစ်ပွားစေတဲ့ အကြောင်းတွေဆိုတာ ဘာကိုပြောတာလဲလို့ မေးစရာ ဖြစ်လာပါတယ်။

eq

Man-Machine Equation အရပြန်ကြည့်မယ်ဆိုရင် လေယာဉ်စတင် ပေါ်ပေါက်လာတဲ့အချိန်ကစပြီး လေယာဉ်တွေရဲ့ စွမ်းဆောင်ရည်၊ နည်းပညာတွေဟာ တိုးတက်ကောင်းမွန်လာခဲ့တဲ့အတွက်ကြောင့် လေယာဉ်ကြောင့် မတော်တဆထိခိုက်မှုနှုန်းတွေဟာ တစ်စစ လျှော့နည်း လာခဲ့ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ရာစုနှစ်တစ်ခုလောက်ကလူသားနဲ့ ယနေ့ခေတ်လူသားများဟာ ထူးထူးခြားခြား ပြောင်းလဲလာမှုမရှိပဲ ရပ်တန့် နေတဲ့အတွက်ကြောင့် လူသားကြောင့်၊ လူသားနဲ့ ဆက်စပ်ပတ်သက်နေတဲ့ မတော်တဆထခိုက်မှုတွေသာ များပြားစွာ ဆက်လက်ဖြစ်ပွား နေပါတယ်။

4 M

မတော်တဆထိခိုက်မှု ဖြစ်ပွားရတဲ့ အကြောင်းအရင်းတွေကို 3M ၊ 4M ၊ 5M အစရှိသဖြင့် အမျိုးမျိုး ပိုင်းခြား စိစစ်နေကြနေပေမယ့် ဘယ်လိုပဲ ပိုင်းခြားလေလာပါစေ လူသားကြောင့် ဖြစ်ပွားရတဲ့ မတော်တဆထိခိုက်မှုတွေဟာ ၆၀%မှ ၈၀%ထိ ရှိတယ်ဆိုတာ လေ့လာတွေ့ရှိနိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် မတော်တဆထိခိုက်မှု ဖြစ်ပွားရခြင်းရဲ့ လက်သည်တရားခံလို့ပြောမယ်ဆိုရင်တောင် မှားမယ်မဟုတ်ပါဘူး။ ဒီလိုမတော်တဆထိခိုက်မှုရဲ့ အဓိကအကြောင်းအရင်းတွေကို လေ့လာဆန်းစစ်သိရှိနိုင်ရန်နဲ့ ရှောင်ရှားနိုင်မယ့် နည်းလမ်းများ စဉ်းစားဖော်ထုတ်နိုင်စေရန်လူသားရဲ့ အမှားပြုလုပ် တတ်ပုံများအကြောင်း လေ့လာထားဖို့လိုပါမယ်။

ဆက်ပါဦးမည်

ဒီလိုလုံခြုံမှုရှိတဲ့ ပျံသန်းရေးအဖွဲ့အစည်းတစ်ခုဖြစ်လာဖို့ဆိုတာ Safety နဲ့ပတ်သက်တဲ့ ခိုင်မာတဲ့ရေရှည်ရည်မှန်းချက်၊ မဟာဗျူဟာတော့ ချမှတ် ကျင့်သုံးဖို့လိုပါတယ်။ ခိုင်မာတဲ့ Safety Strategy တစ်ခုဟာ သုံးချောင်းဒေါက်ထိုင်ခုံတစ်လုံးလိုပါပဲ ပထမဆုံးဒေါက်အနေနဲ့ Safety နဲ့ပတ်သက်ပြီး ကြိုတင်မျှော်တွေးချက်၊ ကြိုတင်ပြင်ဆင်ထားတဲ့နည်းလမ်းတွေ၊ စည်းမျဉ်းဥပဒေသတွေ ထုတ်ထားဖို့လိုအပ်ပါမယ်။ ဒုတိယဒေါက်တစ်ခုက အဆိုပါ စည်းမျဉ်းတွေကို လိုက်နာအကောင်အထည်ဖော်ရမယ့်သူအားလုံး၊ အဆင့်အတန်း အလွှာအားလုံးသိရှိအောင် ပညာပေးသင်ကြားထားရပါမယ်။ တတိယဒေါက်တစ်ခုက Accident  ဖြစ်ပွားခဲ့ရင်လည်း ဘာကြောင့်ဖြစ်ပွားရလဲဆိုတဲ့ အခြေခံအကြောင်းအရင်းမှန်အထိ သိရှိအောင် ရှာဖွေဖော် ထုတ်ထားဖို့လိုပါတယ်။ ဒီသုံးချောင်းဒေါက်တွေဟာ တစ်ခုနဲ့တစ်ခု အပြန်အလှန်အမှီသဟဲပြုနေကြပါတယ်။ ဒေါက်တစ်ခုခု ချို့ယွင်းသွားတာနဲ့ အဲဒီ Safety Strategy ကြီးတစ်ခုလုံး လဲကျပျက်စီးသွားမှာဖြစ်ပါတယ်။ အဲဒီအဖွဲ့အစည်းမှာလဲ Accident တွေထပ်ခါတစ်လဲလဲ ဖြစ်နေတော့မှာ ဖြစ်ပါ တယ်။

safety strategy
ဒါကြောင့် ပျံသန်းရေးနဲ့ ပတ်သက်ဆက်စပ်နေကြတဲ့ အဖွဲအစည်းအားလုံးမှာ မိမိတို့သတ်မှတ်လေယာဉ်အမျိုးအစားအလိုက် SOPs ၊ Normal Procedures ၊ Emergency Procedures၊ Inspection Procedures ၊ အမိန့်နှင့် ညွှန်ကြားချက်များ အစရှိတဲ့နည်းလမ်း ဥပဒေသတွေဟာ ‘Adopt proactive approach in safety’ ဆိုတဲ့ ပထမဆုံးဒေါက်တစ်ခုအနေနဲ့ ပျံသန်းရေးပြုလုပ်နေတဲ့ အဖွဲအစည်းရဲ့ Safety ကိုထောက်ကန် ပေးထားတာဖြစ်ပါတယ်။ အဆိုပါ Procedure များ၊ နည်းဥပဒေသများကို သက်ဆိုက်ရာ အောက်ခြေအဆင့်အတန်းများအထိသိရှိစေဖို့ အလျှင်းသင့်သလိုဟောပြောပွဲများ၊ On the Job Training (OJT) ကဲ့သို့ အခါအားလျှော်စွာ သင်တန်းများပို့ချစေတဲ့အပြင် နိုင်ငံရပ်ခြားသို့တိုင် သင်တန်းများ စေလွှတ်ပေးခြင်းများနဲ့ ဒုတိယဒေါက် ‘Address the man in every meaning of the word’ ကိုထောက်ပံပေးနေတာဖြစ်ပါတယ်။ ဒီနေရာမှာ ညွှန်ကြားချက်တွေ လုပ်ထုံးလုပ်နည်းတွေကိုပဲ အောက်ခြေအဆင့်ထိချပြနေလို့မဖြစ်ပါဘူး တတိယဒေါက်ဖြစ်တဲ့ ‘Find out why part of accidents’ ဆိုတာကနေလာတဲ့အကြောင်းအရာတွေကိုပါ သက်ဆိုင်ရာအဆင့်အတန်းတွေသိရှိစေဖို့လိုအပ်ပါတယ်။ ဒါ့အပြင် Accident ဖြစ်ပွား ရတဲ့ အကြောင်းအရင်းအမှန်ပေါ်မူတည်ပြီး လုပ်ထုံးလုပ်နည်းတွေ၊ နည်းဥပဒေသတွေကိုလည်း ပြင်ဆင်သင့်တာတွေ ပြင်ဆင်ပြောင်းလဲပြီး လိုအပ် ချက်တွေကို ပညာပေး လေ့ကျင့်မှုတွေ ပြုလုပ်ပေးဖို့ လိုအပ်ပြန်ပါတယ်။ ဒါမှသာ ခိုင်မာကောင်းမွန်တဲ့Safety Strategy အဖြစ်နဲ့ ပျံသန်းရေးပြုလုပ် နေတဲ့ အဖွဲ့အစည်းကို တည်ဆောက်အကျိုးပြုနိုင်မှာဖြစ်ပါတယ်။
ဒီနေရာမှာ Safety Program နဲ့ Management တို့ဆက်စပ်နေပုံလေးကို အကျဉ်းထည့်သွင်းဆွေးနွေးလိုပါတယ်။ Safety Program တစ်ခုမှာ အခြေခံပါရှိရမယ့် အချက်နှစ်ချက်ရှိပါတယ်။ အဲဒါတွေက မဖြစ်ပွားမီ ကြိုတင်ကာကွယ်လုပ်ဆောင်ခြင်း (Proactive Approach) နဲ့ ဖြစ်ပွားပြီး နောက် လုပ်ဆောင်ခြင်း (Reactive Approach)  တို့ ဖြစ်ပါတယ်။ ကြိုတင်ကာကွယ်ခြင်းအပိုင်းမှာ Safety နဲ့ပတ်သက်ပြီး အစဉ်အမြဲကြီးကြပ် စောင့်ကြည့်ခြင်း(Surveillance) ပြုလုပ်နေဖို့ လိုအပ်သလို အတွေ့အကြုံ၊ အရည်အချင်းအရည်အသွေး တိုးတက်အောင် စဉ်ဆက်မပြတ် လေ့ကျင့်နေဖို့ (Education and Training) လိုပါတယ်။ အရေးအကြီးဆုံးနဲ့ အခက်ခဲဆုံးဖြစ်တဲ့ သုတေသနလုပ်ငန်း (Research and Development) မှာ ရင်းနှီးမြုတ်နှံထားဖို့လည်း လိုအပ်ပါတယ်။ ဖြစ်ပွားပြီးနောက်ပိုင်း လုပ်ဆောင်ရန် အချက်များကတော့ Accident ဖြစ်ပျက်ပုံ အစီရင်ခံတင်ပြခြင်း နဲ့ စုံစမ်းစစ်ဆေးရေး ခုံရုံးပြုလုပ်ခြင်းတို့ဖြစ်ပါတယ်။
အထက်မှာဆိုခဲ့တဲ့ Safety Program ကထွက်လာတဲ့ အကျိုးရလဒ်ရဲ့ပမာဏဟာ အဲဒီ Program မှာ ဘယ်လောက် လူ၊ အချိန်၊ ငွေတွေရင်းနှီး မြုတ်နှံပြီး (Management) ကြီးကြပ်မှုပြုလုပ်သလဲ ဆိုတဲ့အပေါ်မှာ တိုက်ရိုက်တည်မှီနေပါတယ်။ ဘာကြောင့်လည်းဆိုရင် Management နဲ့ Safety Program ဟာ သီးခြားစီခွဲလို့ရတာမဟုတ်ပါဘူး တစ်သားတည်း ပေါင်းစပ်ပတ်သက်နေတာဖြစ်လို့ Management ကောင်းရင်ကောင်း သလို အကျိုးကျေးဇူး ရရှိလာမှာဖြစ်ပါတယ်။

management
ဒါကြောင့် ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်းသာ ဆောင်ရွက်သွားရင် သာမန်အဆင့် လောက်နဲ့ရပ်တန့်နေမှာဖြစ်ပြီး ဖြစ်နေကျ Accident တွေ၊ ဖြစ်ပြီးသား Accident တွေဟာ လည်း ဆက်လက်ဖြစ် ပွားနေအုံးမှာဖြစ်ပါတယ်။ ဒါနဲ့မတူညီပဲ ထူးခြားကောင်းမွန်တဲ့ ရလဒ်တွေ လိုချင်ရင်တော့ ဒါ့ထက် ထူးခြား ကောင်းမွန်အောင် လုပ်ဆောင်ကြဖို့ လိုအပ်ပါတယ်။ ကောင်းမွန်တဲ့ Safety Program တွေမတည်ဆောက်နိုင်ဘူး၊ မလိုလားအပ်တဲ့ Accident တွေကို မကာကွယ်မတားဆီးနိုင်ဘူးဆိုရင် ကျွန်တော် အထက်မှာဖော်ပြခဲ့သလို Accident ကြောင့် ပေးဆပ်ရမယ့်၊ ပျက်စီးဆုံးရှုံးရမယ့်အရာတွေ မနည်းလှပါဘူး။ ပျံသန်းရေးပြုလုပ်နေကြတဲ့ အဖွဲ့အစည်းများရှိ တန်ဖိုးကြီးမြင့်လှတဲ့ လေယာဉ်၊ ရဟတ်ယာဉ်၊ ပစ္စည်းတွေ၊ အတွေ့အကြုံရှိပြီးသား လေသူရဲ၊ လေယာဉ်သားတွေရဲ့ တန်ဖိုးကိုတိုင်းတာလိုက်ရင် မမျှော်မှန်းနိုင်လောက်အောင် တန်ဖိုးရှိလှပါတယ်။ ဒါကြောင့်  Safety နဲ့ပတ်သက်လို့ အရည်အသွေး အားနည်းလာရင် သက်ဆိုင်ရာ ကိုင်တွယ်မောင်းနှင်သူတွေရဲ့ အသက်အန္တရာယ်ကို စိုးရိမ်ရသလို အဆိုပါလေယာဉ်မှူးများ လက်ထဲ ကိုယုံကြည်ပြီး အသက်အပ်နှံ လိုက်ပါနေကြရတဲ့ ခရီးသည်များအတွက်ပါ အသက်အန္တရာယ် စိုးရိမ်ရမှာဖြစ်တဲ့အတွက် အားနည်းသွားတဲ့နေရာ၊ အားနည်းသွားတဲ့သူကို သေမင်းဘက်တော်သား လို့ပင်ခေါ်လိုက်ချင်ပါတော့တယ်။

ကျွန်တော်ပြောချင်တာလေးများ ရေးချင်တာလေးများ ချရေးလိုက်ရတဲ့အတွက် နေသာထိုင်သာ ရှိသွားပါတယ်ခင်ဗျား 🙂

safety

တစ်ခါမေးစရာထပ်ပေါ်လာတာက”What’s an accident? ၊ Accident ဆိုတာ ကရောဘာလဲ။ Accident ဆိုတာ ကြိုတင်မျှော်လင့်မထားတဲ့၊ ကြိုတင်ပြင်ဆင်မထားတဲ့ အဖြစ်အပျက်တစ်ခုပါ။ စိတ်မနှစ်မြို့ဖွယ် အကျိုးဆက်၊ ဖြစ်လေ့ဖြစ်ထမရှိတဲ့ (ရင်းနှီးကျွမ်းဝင်မှုမရှိတဲ့) အဖြစ်အပျက်မျိုးလို့ ပြောရမှာ ဖြစ်ပါတယ်။ လမ်းသွားရင်း ခေါင်းပေါ်ကို ငှက်ချေးပါချခံရတာမျိုး၊ ခလုတ်တိုက်မိတာမျိုးက အစပြုပြီး ယာဉ်တိုက်မှု၊ အာကာသလွန်းပျံ ယာဉ် ပျက်ကျမှုမျိုးအထိ အားလုံးကိုခေါ်တာ ဖြစ်ပါတယ်။ Accident ရဲ့ မူလဇစ်မြစ်စကားလုံးက Accidere ဆိုတဲ့ Latin ဘာသာစကားကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ တိုက်ရိုက်အဓိပ္ပာယ်က To Stumble (ခလုတ်တိုက်စေသည်) ဖြစ်ပါတယ်။ ကျွန်တော်တို့ Aviation လောကသား အားလုံးမှာ ဘယ်လို Accident မျိုးကိုမှ ဖြစ်ချင်တဲ့သူ ရှိမယ်မထင်ပါဘူး။ ဒါကလဲ အကြောင်းအချက်တွေရှိပါတယ်။ Accident တစ်ခုဖြစ်တယ် ဆိုရင် ပထမဆုံးအနေနဲ့ Operational (လုပ်ငန်းပိုင်း)ဆိုင်ရာမှာ ထိခိုက်မှုတွေအများကြီး ရှိပါတယ်။ လုပ်ငန်းမှာ အသုံးပြုနိုင်မှု လျှော့နည်းမယ်။ အရည်အချင်းရှိပြီး လေ့ကျင့်သား ပြည့်ဝပြီးသား လေသူရဲ၊ လေယာဉ်သားတွေ ဆုံးရှုံးမယ်။ Financial (ငွေရေးကြေးရေးပိုင်း) ဆိုင်ရာမှာ လေယာဉ်၊ ရဟတ်ယာဉ်၊ စက်ပစ္စည်းတွေပျက်စီးဆုံးရှုံးမယ်။ စုံစမ်းစစ်ဆေးမှု တွေအတွက် ကုန်ကျစရိတ်တွေ၊ လူအင့်အားတွေ၊ တစ်ခါတစ်လေမှာ လျှော်ကြေး ပေးရတာ တွေရှိမယ်။ Legal (ဥပဒေပိုင်း)ဆိုင်ရာမှာ အမှုအခင်းအတွက်ကုန်ကျစရိတ်တွေ၊ ဒုက္ခသည်တွေ အတွက် လုပ်ဆောင်ပေးရတာတွေ။ Moral (စိတ်ဓာတ်ပိုင်း)ဆိုင်ရာမှာ အသက်သေဆုံးမှုတွေကြောင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ လျှော့ကျလာမယ်၊ မိမိလုပ်ငန်းအပေါ် စိတ်ပါဝင်စားလာမှု၊ ယုံကြည်မှု အားနည်းလာမယ်။ ဆက်စပ်ဖြစ်ပေါ်လာတဲ့ ကောလဟာလတွေကြောင့် အများပြည်သူကြားမှာ အထင်လွဲလာမယ်။ လူမှုရေး၊ နိုင်ငံရေး သိက္ခာတွေကျဆင်းလာမယ်…. အစရှိသဖြင့် Accident ရဲ့ဆိုးကျိုးတွေ အများကြီးပါပဲ။
ဒီလိုအကြောင်းတွေကြောင့်လဲ Accident ကိုလူတိုင်း ကြောက်လန့်ပြီး ရှောင်ရှားလို ကြတာပါပဲ။ ဒါဆိုရင် Accident တိုင်းဟာ မကောင်းတော့ဘူး တဲ့လား။ ဒီလိုလဲ မဟုတ်ပြန်ပါဘူး။ လူဟာ လမ်းစလျှောက်တတ်ကတည်းက တစ်ခါမှ မလဲဖူးရင် ခလုတ်တိုက်လို့ လဲတဲ့အခါ မိမိကိုယ်ကို အထိမနာ အောင် ထိန်းတတ်မှာမဟုတ်ပါဘူး။ ဒီလိုပါပဲ Accident တွေကလည်း ကျွန်တော်တို့ကို အတွေ့အကြုံ သင်ခန်းစာတွေ ပေးနိုင်ပါတယ်။ အဲဒီအတွေ့ အကြုံတွေကနေ သင်ခန်းစာရယူထားလို့ နောက်နောင် အလားတူဖြစ်စဉ်မျိုး မဖြစ်ပွားနိုင်အောင်၊ ဖြစ်ပွားခဲ့ရင်လည်း ကုစားနိုင်အောင် နည်းလမ်း တွေရနေတာဖြစ်ပါတယ်။ လေကြောင်းသမိုင်းတစ်လျှောက်လုံးမှာ ဖြစ်ပွားလာခဲ့တဲ့ အဖြစ်အပျက်တွေ သင်ခန်းစာ ယူထားလို့ ဒီနေ့ခေတ် လေယာဉ် တွေဟာ အံ့မခန်းတိုးတက်ကောင်းမွန် လာနေတာဖြစ်ပါတယ်။

wright
ဒါပေမယ့် ဘယ်လောက်ပဲ မဖြစ်ချင်သည့်တိုင်၊ သင်ခန်းစာယူနေသည့်တိုင်အောင် ပျံသန်းရေးရဲ့ ဘိုးအေကြီးတစ်ယောက်ဖြစ်တဲ့ Wilbur Wright ပြောခဲ့တဲ့စကားတစ်ခွန်းဟာ ယနေ့တိုင်အောင် မှန်ကန်နေဆဲဖြစ်ပါတယ်။ “အလုံးစုံပြီးပြည့်စုံတှဲ့ေ်နအပ ကိုလိုချင်ရင်တော့  ခြံစည်းရိုးပေါ်ထိုင်ပြီး ငှက်တွေလေထဲမှာ ပျံနေတာကိုပဲ ကြည့်နေရုံပဲရှိပါတယ်” ‘If you are looking for perfect safety in flying, you will do well by sitting on a fence and watch the birds fly’ တဲ့။ ပျံသန်းရေးသမိုင်းမှာ ပေးဆပ်လိုက်ရတဲ့ အသက်သွေးတွေ၊ အချိန်နဲ့ ငွေကြေးတွေဟာ အများအပြား ပါပဲ။ ဒီလိုဆိုလို့လည်း ပျံသန်းရေးလောကနေ ကျောခိုင်းသွား ရလောက်အောင် ကြောက်စရာမကောင်းသေးပါဘူး။ ကျွန်တော်မှတ်သားမိတဲ့ Accident ဖြစ်ပွားမှုတွေကို စာရင်းဇယားချပြီး နှိုင်းယှဉ်ပြချင်ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ နှစ်စဉ်သေဆုံးသူအားလုံးထဲမှာ ၉၀ဝ၀ဝ လောက်ဟာ ကား၊ ဆိုင်ကယ်အစရှိတဲ့ စက်တပ်ယာဉ် တွေကြောင့်ဖြစ်ပြီး နံပါတ်တစ် လူသတ်တရားခံလို့ ပြောလို့တောင်ရပါတယ်။ ဒါပေမယ့် လေကြောင်းခရီးသွားလို့ သေဆုံးရသူကတော့ ၂၈၀ဝ၀ဝ၀ဝ မှာ တစ်ယောက်နှုန်းပဲရှိပါတယ်။ ဒါကိုကြည့်ရင် ပျံသန်းရေးလုပ်ရတာဟာ လမ်းဖြတ်ကူး တာထက် လုံခြုံမှုရှိတယ်လို့ဆိုချင်ပါတယ်။ (ဖြစ်နိုင်ရင်တော့ ကျွန်တော်တို့ဆီက ကောက်ယူထားတဲ့ အချက်အလက်လေးတွေနဲ့ပဲ ယှဉ်ထိုးပြချင်တာ ခက်တာက ကျွန်တော့ဆီမှာ အဲဒီအချက်အလက်တွေ မရှိတော့ သူများဆီက အချက်အလက်နဲ့ပဲ နှိုင်းယှဉ်ပေးလိုက်ပါတယ်။)

လေကြောင်းဆိုင်ရာပညာရပ်တွေအကြောင်းပြောကြတဲ့အခါ Safety ဆိုတာကိုအမြဲကြား ကြားနေရမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အမြဲပြော ပြောနေတဲ့ Safety အကြောင်းကို အနည်းငယ်ဆွေးနွေးလိုပါတယ်။ ဒီတော့ What’s safety? ၊ Safety ဆိုတာဘာလဲ။

what's safety

လေကြောင်းဆိုင်ရာပညာရပ်မှာပဲ ဒီအကြောင်းပြောဖြစ်ကြတာလား?၊ မဟုတ်ပါဘူး နေ့စဉ်လူနေမှု ဘဝ ထဲမှာလည်း ကျွန်တော်တို့ဂရုမစိုက်မိပဲ သုံးနေတဲ့ Safety နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေဟာလဲ အတော်များများရှိပါတယ်။ ဥပမာ- ဒီနေရာကိုညပိုင်း သွားလို့ကော စိတ်ချရပါ့မလား၊ ဒီလူ့(လုံခြုံရေး) အတွက်တော့ ငါစိတ်ပူသေးတယ်၊ ဒီယာဉ်မောင်းက သိပ်စိတ်ချရတဲ့သူမဟုတ်ဘူး၊ လေယာဉ်နဲ့ခရီးသွားတာ စိတ်ကောချရပါ့မလား ….. အစရှိသဖြင့် ပြောဖြစ်ကြပါတယ်။ အဲဒီအကြောင်းတွေဟာလည်း Safety နဲ့ပတ်သက်တဲ့ အကြောင်းတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် Safety ဆို တာကို တိတိကျကျ အဓိပ္ပာယ်ဖွင့်ဖို့ စဉ်းစားမိခြင်မှ စဉ်းစားမိပါလိမ့်မယ်။
Safety ဆိုတာ လူ့စိတ်ခံစားမှု၊ အာရုံသိမှာရှိပြီးသား မွေးရာပါအရည်အချင်းတစ်ရပ်။ တကယ့်အရေးပါတဲ့ အခြေခံလိုအပ်ချက်၊ အသက်ရှင်နေထိုင် ရေး၊ လူနေမှုဘဝပုံစံအတွက် အရေးကြီးတဲ့လမ်းစဉ်လို့ ဆိုရမှာဖြစ်ပါတယ်။ လူတွေမှာ မွေးကတည်းက Safety နဲ့ပတ်သက်ပြီး မသိစိတ်မှာ အလိုလို ပါလာပြီးသားပါ။ လူတစ်ယောက်ရဲ့မျက်လုံးကို လက်နဲ့ရုတ်တရက်ထိုးလိုက်ရင် ဘာမှမလုပ်နိုင်ရင်တောင် အနည်းဆုံးတော့ မျက်လုံးကို အလိုလို မှိတ်လိုက်မှာဖြစ်ပါတယ်၊ ဒါသူ့ Safety အတွက်သူ့အလိုလို တုံ့ပြန်လိုက်တာပါ။ ဘယ်သူမှသင်ပေးနေစရာမလိုပါဘူး၊ မွေးရာပါတုံ့ပြန်မှု အရည်အချင်း ပါ။ ဒီလို Safety အမြင် အသိတွေကြောင့် လှုပ်ရှားရုန်းကန်လာရင်းနဲ့ ကမ္ဘာဦးလူသားကနေ ဒီနေ့ခေတ်ထိ တိုးတက်လာနေတာ ဖြစ်ပါတယ်။
အန္တရာယ်နဲ့ပိုနီးစပ်လေ Safety ပိုမိုလိုအပ်လေဖြစ်ပါတယ်။ ပျံသန်းရေးနဲ့ ပတ်သက်တဲ့ အလုပ်ဆိုတာ အသက်အန္တရာယ်၊ လုပ်ငန်းခွင်အန္တရာယ် အလွန်နီးကပ်တယ်ဆိုတာလည်း အားလုံးအသိ ဖြစ်ပါတယ်။ ဒါကြောင့်လည်း Safety နဲ့ပတ်သက်လို့ ပိုမိုထဲထဲဝင်ဝင် သိရှိလေ့လာနေဖို့ လိုအပ် ပါတယ်။ Safety ရှိရှိနဲ့ ရည်မှန်းချက်တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်ကြဖို့ အတွက် ကျွန်တော်တို့ ဆရာ့ ဆရာများ ကရော၊ ၀ါရင့်လေသူရဲ များကပါ လက်ဆင့်ကမ်းပြောကြားလာတဲ့ ဆောင်ပုဒ်လေး တစ်ခုတောင် ရှိပါတယ် ‘Mission accomplishment without accident’ ဆိုတဲ့ ဆောင်ပုဒ်လေးပါ။ ဒါပေမယ့် တစ်ဘက်ကလည်း ပျံသန်းရေးလုပ်ငန်းအတွက် လုပ်ကိုင်ဆောင်ရွက်ကြတဲ့သူ အားလုံးဟာ ခေတ်နဲ့အညီ၊ အချိန်နဲ့ တစ်ပြေးညီ တိုးတက်ပြောင်းလည်းနေတဲ့ နည်းပညာ၊ အတတ်ပညာတွေနောက် အမီလိုက်နိုင်ဖို့နဲ့ အရည်အချင်း၊ အရည်အသွေးတိုးတက်ဖို့၊ လုပ်ငန်းအတွေ့အကြုံ ရင့်ကျက်များပြားလာဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့် ရည်မှန်းချက် ပြီးမြောက်အောင် ဆောင်ရွက်ရာမှာ “without accident” ဆိုတာလေးနဲ့တော့ မလုံလောက်တော့ပါဘူး။ Safety ရှိရုံလေးဆောင်ရွက် နေလို့တော့ နိုင်ငံတစ်ကာအဆင့်ကို မီနိုင်ဖို့ မလွယ်တော့ ပါဘူး၊ ဒါကြောင့်ကျွန်တော် မှတ်သားမိ လေ့လာမိတဲ့ “Mission accomplish with Efficiency and Safety” ဆိုတဲ့ဆောင်ပုဒ်လေးကို ထည့်သွင်း ဆွေးနွေးလိုပါတယ်။ ဒီဆောင်ပုဒ် ဆိုလိုရင်းအတိုင်း ဆောင်ရွက်နိုင်ပါမှ အရည်အချင်း၊ အရည်အသွေးပြည့်ဝတဲ့ လေသူရဲ၊ လေယာဉ်သား၊ စက်မှု လက်မှုပညာရှင်တွေ ဖြစ်လာနိုင်ပြီး အရည်အချင်း အရည်အသွေးပြည့်ဝတဲ့ ပျံသန်းရေးတာဝန်တွေ ထမ်းဆောင်နိုင်တဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်လာ နိုင်မှာ ဖြစ်ပါတယ်။
ဒီနေရာမှာထပ်ပြီးထွက်လာတာက Efficiency နဲ့ Safety ဆိုတာပါပဲ။ Efficiency ဆိုတာဟာ သိသာထင်ရှားတဲ့ အကျိုး၊ ရလဒ်ထွက်ရပါ့မယ်။ သိသာထင်ရှားတဲ့ အကျိုးရလဒ်တင်ပဲလား၊ မဟုတ်သေးပါဘူး၊ ပျက်စီးဆုံးရှုံးမှု၊ ကုန်ကျမှုလည်း အနည်းဆုံးဖြစ်ရပါမယ်။ စိုက်ထုတ်လိုက်ရတဲ့ လူအား၊ ငွေအား၊ အချိန် စတာတွေကို အနည်းဆုံးနဲ့ အကောင်းဆုံး အောင်မြင်တဲ့ ရလဒ် ထွက်လာနိုင်တာကို Efficiency လို့ဆိုတာပါ။ အဲဒီလိုရလဒ် ကောင်းတွေထွက်လာနိုင်ဖို့ ကောင်းမွန်ပြည့်စုံတဲ့ ကြီးကြပ်ကွပ်ကဲမှုရှိဖို့တော့ လိုအပ်ပါလိမ့်မယ်။ Safety ဆိုတာကတော့ အထိအခိုက်၊ အပျက်အစီး၊ ဒဏ်ရာအနာတရ တစ်စုံတစ်ရာမဖြစ်တာမျိုးကို ပြောချင်တာပါ။ အဲဒီလို Safety ရှိချင်ရင်တော့ လူ ဒါမှမဟုတ် စက်ပစ္စည်းတို့ရဲ့ ပေါ့လျော့မှု၊ ချို့ယွင်း ပျက်စီးမှုကနေ ကာကွယ်ထားနိုင်ရပါမယ်။
ဒါကြောင့် Safety ဆိုတာကို ရှင်းလင်းအောင် ထပ်မံအဓိပ္ပာယ်ဖွင့်ဆိုရရင် ” မတော်တဆ ထိခိုက်မှု (Accident)မဖြစ်ပွားအောင် ကာကွယ်ထားခြင်း၊ မတော်တဆထိခိုက်မှုကြောင့် ထိခိုက်ပျက်စီးမယ့် လူ၊ ပစ္စည်းတွေကို ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြစ်အောင် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထား ခြင်း” လို့ အဓိပ္ပာယ်ဖွင့်ရမှာဖြစ်ပါတယ်။

ဆက်ပါဦးမည်